ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ )  ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ

၁။ အဖွဲ့၏ စည်းမျဉ်းများကို ၁/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ချမှတ်ခဲ့ကြပါသည်။ ၂/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေးကြီး၌ ဤအခြေခံမူဝါဒများကို အတည်ပြုခဲ့ကြပါသည်။

အခန်း (၁) အဖွဲ့၏ အမှတ်တံဆိပ်

          “ဓမ္မအလင်း”အဖွဲ့ ၏ အမှတ်တံဆိပ်မှာ ဓမ္မစကြာဘီး၊ ဆီမီးခွက်နှင့် စာအုပ်တို့ဖြစ်ကြပါသည်။ အရောင်မှာ အညို, ရွှေဝါ, အနီနှင့် အဖြူကို အသုံးပြုထားသည်။ ဓမ္မအလင်း၏ လိုဂိုအမှတ်တံဆိပ်ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုအပ်ပါသည်။

    • ဓမ္မစကြာလှည်းဘီး
    • ဆီမီးခွက်
    • စာအုပ်
    • အညိုရောင်/ အဝါရောင်/ အနီရောင်/ အဖြူရောင်

(က) ဓမ္မစကြာလှည်းဘီး

          ဓမ္မစကြာလှည်းဘီးတွင် ဒေါင့် (၈) ခုပါဝင်သည်။ ဒေါင့် (၈) ခုသည် မဂ္ဂင် (၈) ပါးကို ဆိုလိုသည်။ မြတ်ဗုဒ္ဓ၏ ပထမဆုံးတရားတော်မှာ ဓမ္မစကြာတရားပင်ဖြစ်သည်။ ဤအဖွဲ့သည် မြတ်ဗုဒ္ဓ၏ တရားတော်နှင့်အညီ မကောင်းမှုကိုရှောင်ခြင်း, ကောင်းမှုကိုဆောင်ခြင်း, မိမိစိတ်ကို ဖြူစင်အောင်ထားခြင်းဖြင့် ပြုမှုနေထိုင်မည်ဟုဆိုလိုသည်။

( ခ ) ဆီမီးခွက်

          ဆီမီးခွက်သည် ပညာကို ကိုယ်စားပြုသည်။ မီးရောင်သည် လင်းခြင်း၊ အမိုက်အမှောင်ရှင်းခြင်း၊ ရှင်သန်ခြင်း အဓိပ္ပါယ်ဆောင်သည်။ ဤအဖွဲ့သည် လောကအကျိုးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီပေးခြင်းဖြင့် အကူအညီတည်းဟူသော အလင်းရောင်ကိုပေးခြင်း၊ 
ကိုယ်တိုင်လည်း မိမိတို့၏ အတွင်းသန္တာန်ရှိ ကိလေသာ အမိုက်အမှောင်များကို ရှင်းလင်းနိုင်အောင်ကြိုးစားခြင်း၊ ကုသိုလ်ရေးလုပ်ငန်းများအတွက် အမြဲတတ်ကြွနေခြင်း ရှိရမည်ဟု ဆိုလိုသည်။

( ဂ ) စာအုပ်

          စာအုပ်သည် အသိပညာ, ဗဟုသုတနှင့် စည်းကမ်းကို ကိုယ်စားပြုသည်။ ဤအဖွဲ့သည် ကောင်းမြတ်သော အသိပညာနှင့် ဗဟုသုတများကို ဖြန့်ဝေခြင်း, စည်းကမ်းရှိသော အသင်းအဖွဲ့ဖြစ်သည့်အတွက် စည်းမျဉ်းနှင့် အညီသာလုပ်ဆောင်ခြင်း, အသက်ဂုဏ်ဝါ မိမိထက်ကြီးသူများ, ဆရာတော်သံဃာတော်များ၏ ဆုံးမလမ်းညွှန်မှုကို တန်ဖိုးထား လိုက်နာ၍ ဆောင်ရွက်ခြင်း, ရှေးရိုးအစဉ်အလာယဉ်ကျေးမှုများကို တန်ဖိုးထားခြင်း ရှိသည်ဟု ဆိုလိုသည်။

(ဃ) အညိုရောင်/ အဝါရောင်/ အနီရောင်/ အဖြူရောင်

အညိုရောင် သည် မြတ်ဗုဒ္ဓ၏ သာသနာကို ရည်ညွှန်းသည်။
ရွှေဝါရောင် သည် မြင့်မြတ်ခြင်း, တန်ဖိုးရှိခြင်းကို ရည်ညွန်းသည်။ သာသနာ၏ အရောင်ကို ထွန်းလင်းစေလျှက် ဗုဒ္ဓအဆုံးအမ အရောင်အဝါအတွင်း၌ ရွှေရောင်ကဲ့သို့ တန်ဖိုးရှိသော ပုံရိပ်များထွက်ပေါ်အောင် အစဉ်ကြိုးစားမည်ဟု ဆိုလိုသည်။ မိမိတို့၏ အပြုအမှုကြောင့် သာသနာ၏ပုံရိပ်၊ အမိနိုင်ငံ၏ ပုံရိပ်၊ အသင်းအဖွဲ့၏ပုံရိပ်များကို မထိခိုက်စေရ။  မိမိတို့၏ လုပ်ရပ်ကြောင့် ဂုဏ်တက်စေရမည်။
အနီရောင် သည် ရဲရင့်ခြင်းကို ကိုယ်စားပြုသည်။ အဖွဲ့သားများသည် ကုသိုလ်ကောင်းမှုပြုရာ၌ ရဲရဲရင့်ရင့် ထက်သန်သော သဒ္ဓါ၊ ဝီရိယတို့ဖြင့် လုပ်ဆောင်မည်ဟု အဓိပ္ပါယ်ရသည်။
အဖြူရောင် သည် ဖြူစင်သော စိတ်ဓာတ်ကို အရင်းခံ၍ လုပ်ဆောင်ရမည်ဟုဆိုလိုသည်။